Saturday, August 20, 2011

အရေးကြီးပြီ သွေးစည်းကြစို့

ဧရာဝတီ မြစ်ဆုံဒေသတွင် ဆည်တည်ဆောက်ခြင်းနှင့် ပတ်သက်၍ မျက်နှာစာအုပ်ပေါ်ရှိ စစ်တမ်းကောက်ခံမှုအား ယနေ့ ၁၂-၈-၁၁ နေ့ မြန်မာစံတော်ချိန်ည ၁၀နာရီတိတိအချိန်ထိ စစ်တမ်း ကောက်ခံရရှိမှုအခြေအနေ - 
ပါဝင်ဖြေဆိုသူ စုစုပေါင်း                          - ၃၁၆၄
ဆက်လက်မတည်ဆောက်သင့်ပါ              -၂၉၄၈ (၉၃ %)
ဆက်လက်တည်ဆောက်သင့်ပါသည်          - ၉၆   (၃%)
မိမိတို့နှင့်မသက်ဆိုင်ပါ                           - ၁၂၀  (၄%)

သဘောထားတစ်ခုပေါ်တွင် မိမိ၏ခံယူချက်၊ အမြင်များပေါ်မူတည်၍ မတူညီသောတုန့်ပြန်မှုများရရှိခြင်းသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုဟု ခံယူမိပါသည်။ ထို့အတူ မိမိ၏ ထင်မြင်ချက် ခံစားချက် ယုံကြည်ချက်များ ပေါ်မူတည်၍ ခြိမ်းခြောက်ဖျားယောင်းမှုမရှိဟု တွေးထင်ယူဆမိ၍ မိမိ၏ဆန္ဒသဘောထားကို လွတ်လပ် ပွင့်လင်းစွာ ထုတ်ဖော်ဝံ့ကြ သူများ ဖြစ်သဖြင့် လေးစားမိပါသည်။

မတူညီသော အတွေးအမြင်များစုစည်း၍ ဖွံ့ဖြိုးသောနိုင်ငံအဆောက်အဦးတစ်ခုကို တည်ဆောက်ခြင်းသည် အဆင့်အတန်းမြင့်မား၍ အမြင်ကျယ်သော လူမှုအဖွဲ့အစည်းတစ်ခုအတွင်းမှသာလျင် တည်ဆောက်နိုင်၍ ရပါသည်။ အာဏာရှင်ဆန်သော တစ်သွေး တစ်သံ တစ်မိန့်ဖြင့် ချီတက်လျက်ရှိသော စေစားခံ လူမှုအဖွဲ့အစည်းတစ်ခုတွင်မှု အမြင်မတူလျင် ငါနှင့်မတူ ငါ့ရန်သူဟု ယူဆကြလျက် အမြင်များကွဲ သွေးစည်းမှုများကွဲပြီး ရည်မှန်းရာပန်းတိုင်သို့ မရောက်သို့မရောက်နိုင်ပဲ အစည်းပြေသည့် လူအဖွဲ့အစည်းပုံစံ ဖြစ်မှန်းမသိ ဖြစ်လာကြရပါသည်။ ဆန္ဒသဘောထားဖော်ထုတ်မှုအရ အများဆန္ဒသည် အဓိဖြစ်သည်ဟု ဆိုသော်လည်း ရေများရေနိုင်၊ မီးများမီးနိုင်ဟုသဘောထားပါက အမြင် ယုံကြည်ချက် မတူသူများအကြား အညိုးအတေးများစွာဖြစ်ပေါ်လာစေပြီးတင်းမာသည့်သဘောဆောင်သည့် လူအဖွဲ့အစည်းတစ်ခုဖြစ်လာနိုင်သဖြင့် ရေရှည်တည်တံ့ခိုင်မာမှုကို ရနိုင်ရန်ခဲယဉ်းလှပါသည်။

သို့ဖြစ်၍ အမြင်မတူသူများနှင့် ယုံကြည်ချက်မတူသူများ အကြား ရင်ကြားစေ့နိုင်သည့် အဓိက အချက်မှာ မိမိသဘောထား၏ အကြောင်းရင်းခံများကို ပွင့်လင်းစွာဆွေးနွေး တိုင်ပင် ညှိနှိုင်း၍ မတူသူအုပ်စုကွဲများ အတွင်း တစ်ဖက်ဖက်ကို ထိခိုက်နစ်နာမှုနည်းနိုင်သမျှ အနည်းဆုံးရှိသည့် အဖြေကို ပူးပေါင်း ရှာနိုင်ခြင်းပင်ဖြစ်သည်။ ယင်းသို့ အကြောင်းရင်းခံများကို ဆန်းစစ်ရာတွင် ဘာကြောင့် သို့မဟုတ် အဘယ်ကြောင့် မိမိက ယခုကဲ့သို့ ဆန္ဒသဘောထားကို ထုတ်ဖော်ရပါသည်ဟု အကြောင်းရင်းကို တိတိကျကျ ပွင့်လင်းစွာပြောဆိုနိုင်မှုသည် အဓိကကျပါသည်။

သို့ဖြစ်၍ အထက်ပါ စစ်တမ်းတွင်ဖြေကြားသူများအနက်မှ ဆက်လက်မတည်ဆောက်သင့်ပါဟု သဘောထား ခံယူသူများ၏ အကြောင်းရင်းခံများမှာ ကမ္ဘာ့အရပ်ရပ်ရှိ ပစ္စက္ခ ဆည်များ၏ ဆိုးကျိုးများပေါ်အခြေခံလျက် ဆည်ဆက်လက်တည်ဆောက်ခြင်းဖြင့် ဧရာဝတီမြစ်ကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် လူမျိုးကိုသော် လည်းကောင်း၊ သဘာဝပတ်ဝန်းကျင်ကိုသော်လည်းကောင်း ထိခိုက်နစ်နာနိုင် သည်ဟု တွေးထင် ယူဆမိပါသည်။

အဆိုပါအချက်များနှင့် လွတ်လပ်စွာ သဘောထားကွဲလွဲ၍ ဆက်လက်မတည်ဆောက်သင့်ပါ သို့မဟုတ် မိမိနှင့် မသက်ဆိုင်ပါဟု ဆန္ဒသဘောထားကို ဖော်ထုတ်ထားသူ ညီအစ်ကိုမောင်နှမများအနေဖြင့် ဘာကြောင့် သို့မဟုတ် အဘယ်ကြောင့် ကျွန်တော်/ကျွန်တော်မတို့က ယခုကဲ့သို့ သဘောထားရပါသည်ကို ထုတ်ဖော်ပြောဆို၍ အပြုသဘောဆောင်ပြောဆိုဆွေးနွေးကြမည် ဆိုလျင် အမြင်မတူသူများကြား ရှဉ့်လည်းလျောက်သာ ပျားလည်းစွဲသာ ဆိုသည့် စကားနှင့်အညီ ယုံကြည်ချက်မတူညီသော်လည်း လိုရာပန်းတိုင်ကို ချစ်ကြည်ရင်းနှီးစွာဖြင့် ရေရှည်လှမ်းနိုင်မည့် လမ်းကြောင်းများ ပွင့်လင်းလာနိုင်သည်ဟု ယုံကြည်မိပါသည်။


မောင်မက်စ်
၂၀၁၁ခုနှစ် သြဂုတ်လ ၁၂ရက်။

No comments:

Post a Comment