Thursday, September 22, 2011

မဟာရံတတိုင်း၊ ဧရာဝတီ နှင့် ဒို့တာဝန်အရေးသုံးပါး။



ဝတို့ပြည်က ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းမတစ်ယောက်နဲ့ စကားလက်ဆုံကျခဲ့တုန်းကပေါ့ . . .

ဟဲ့အဆွိ . .နင်တို့တိုင်းပြည်က မဟာရံတံတိုင်းကြီးက အရမ်းကိုကြီးကျယ်ခန့်ငြားလိုက်တာဟာ။

အင်းဟုတ်တယ် ပဉ္စရဲ့။  ဒီမဟာရံတတိုင်းကြီးက ငါတို့တမျိုးသားလုံး မျိုးရိုးစဉ်ဆက် အလေးအမြတ်ထားပြီး ငါတို့တရုတ်ပြည်ကြီးရဲ့ ကြီးကျယ်မြင့်မြတ်ခမ်းနားမှုကို ထည်ထည်ဝံ့ဝံ့နဲ့ ဂုဏ်ယူဝံ့ကြွားစရာကြီးလေဟာ။

အင်း . . နော်။ ငါတို့မြန်မာပြည်မှာလည်းဟာ အိမ်နီးနားချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံကြီးတစ်ခုက ကျောက်တွင်းတွေ ရက်ရက်စက်စက်တူး၊ မတရားတောင်တွေဖြို၊ တရားဝင်သလိုလိုနဲ့ မတရားသစ်တွေ ပေါ်ပေါ်တင်တင် ခိုးထုတ်နေတော့ ရှိသမျှသယံဇာတတွေ တဖြုန်ဖြုန်ကေးနေပြီဟ။ ခု ငါတို့နိုင်ငံရဲ့ ဒီမီုကရေစီ အစိုးရသစ်လက်ထက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေလုပ်တဲ့အခါ လုံလောက်တဲ့ သစ်ပင်တွေမရှိတော့လို့ အဆာက်အဦသစ်တွေဆောက်၊ တံတားတွေတည်၊ လမ်းတွေဖေါက်ရာ မှာ အခက်အခဲအတော်ရှိနေတယ်ဟ။

သစ်ပင်တွေမရှိတော့တာနဲ့ ဘာဆိုင်လို့တုန်း ပဉ္စရဲ့။

အဆွိနင်ကလည်း ဒီလို အဆောက်အဦကြီးတွေ တည်ဆောက်တယ်ဆိုတာ အုတ်တွေ ကျောက်တွေ သဲတွေလိုတယ်လေဟာ။ ဒါမှ တည်ဆောက်လို့ရ တော့မှာပေါ့။ အခု သစ်ပင်တွေအလုံအလောက် မရှိတော့လို့ အုတ်ဖုတ်ဖို့တောင် မဖြစ်နိုင်ပဲ တော်တော် အခက်တွေနေပြီလို့ သိရတယ်ဟ။ အဲဒါ ငါ စဉ်းစားမိတာတစ်ခုက နင်နဲ့ ငါနဲ့ အကျိုးတူစီးပွားရေး ကုမ္ပဏီထောင်ပြီး နင်တို့တိုင်းပြည်ထဲမှာရှိတဲ့ လူလည်းသိပ်မသုံးတဲ့အပိုင်းက မဟာရံတံတိုင်းကြီးရဲ့ အစိတ်အပိုင်းအချို့ကို လေလံပစ်ပြီး လိုတဲ့အုတ်တွေ ငါတို့ နိုင်ငံ ပြန်လည် တည်ဆောက်မှုမှာ သုံးချင်လို့ဟ။ နင်တို့ဆီက ပါတီခေါင်းဆောင်ကြီးတွေနဲ့ တိုင်ပင်ကြည့်ပါလား။ နှစ်နိုင်ငံ အကျိုးတူစီးပွားပေါ့။

ဘာ… ဒါငါတို့ရဲ့ သမိုင်း၊ ငါတို့လေးစားမြတ်နိုးတဲ့ မဟာရံတံတိုင်း၊ ငါတို့ လူမျိုးစုရဲ့ ကြီးကျယ်ခန့်ငြားမှုကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တိုင်ဟဲ့။ ပိုက်ဆံဘယ်လောက်ရရ နင့်တိုင်းပြည်ကြီး ပုံပေးအုံးဟာ မဟာရံတံတိုင်းက အုတ်တစ်လုံးတောင်မရဘူး.. မှတ်ထား။

သြော် . . . အမျိုးဂုဏ် ဇာတိဂုဏ် တယ်ပြင်းတဲ့ အဆွိရယ် နင်သာ ငါတို့တိုင်းပြည်က လျပ်စစ်ဝန်ကြီး လုပ်လိုက်ပါတော့လားဟုသာ ငြီးတွားရင်း မျက်နှာနီရဲနေတဲ့ တရုတ်မကို ဘိုင်ဘိုင့်မလုပ်ပဲ ကျောခိုင်းခဲ့ပါတယ်။

နိုင်ငံတစ်ခုရဲ့ကျင့်ဝတ်ကို အမျိုးသားအကျိုးစီးပွားနဲ့ ဖုံးအုပ်လေ့ရှိသလို သူ့ပြည်တွင်းရေး ဒို့ဝင်မစွက်ပေါင် လို့တွင်တွင်ပြောပြီး ကန့်လန့်ကာနောက်ကွယ်ကနေ အမျိုးသားအကျိုးစီးပွားဆိုတာချည်းအတွက် ရသမျှ သမလေ့ရှိသလို အဆိပ်ပင်ရေလောင်းလည်း လုပ်တတ်ပါတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။

တကယ်တော့ နိုင်ငံတိုင်းမှာရှိတဲ့ နိုင်ငံခြားရေးမူဝါဒ အားလုံးနီးပါးလိုလိုဟာ “ငါတို့မှာ ထာဝရမိတ်ဆွေဆိုသည်မရှိ၊ ထာဝရ အမျိုးသားအကျိုးစီးပွားသာလျင်ရှိ၏” ဆိုသလို ဘယ်သူသေသေ ငတေမာရင် ပြီးရောသဘောလုပ်သာ ခံယူလေ့ပဲရှိတတ်ကြပါတယ်။ ရ၀န်ဒါမှာ မျိုးနွယ်စုလိုက် သတ်ဖြတ်ဖို့အတွက် ဓါးတွေ သိန်းနဲ့ သန်းနဲ့တင်သွင်းပေးတာမျိုး၊ လစ်ဗျားက အစိုးရက လစ်ဗျားပြည်သူတွေကို ရက်ရက်စက်စက် သတ်နိုင်ဖို့အတွက် ကျည်ဆံတွေ၊ လက်နက်တွေ အားရပါးရရောင်းတာမျိုး၊ နူကလီယားဘန်းပြပြီး နိုင်ငံတကာမှာ လူမိုက်မွေးထားတာမျိုး စသဖြင့် စသဖြင့် ဥပမာ ဥပမေယျတွေ အများကြီးရှိပါတယ်။

တကယ်တော့ အမျိုးသားအကျိုးစီးပွားဆိုတာ အဲဒီတိုင်းပြည်မှာမှီတင်းနေထိုင်တဲ့ အမျိုးသားတိုင်းနဲ့ ဆိုင်ပါတယ်။ အဆွိ တစ်ယောက် ဒေါသထွက်သွားမယ်ဆိုလည်း ထွက်သင့်စရာပါ။ သူလည်း သူ့တိုင်းပြည်က အမျိုးသား အဲလေ အမျိုးသမီးကိုး။ ဒါဟာ အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိကပါ ယိကပါး လေနဲ့ သွားလုပ်မိလို သူ့ရဲ့ မျိုးချစ်စိတ်က ခွန်းတုန့်မခံ တုန့်ပြန်လိုက်တာပါ။

ကျွန်တော်တို့နိုင်ငံရဲ့ ခေါင်းဆောင်အကြီးအကဲများကလည်း ဘယ်လောက်အမြော်အမြင်ကြီးမားကြသလဲ ဆိုတော့ ဒီမိုကရေစီမရခင် ဟိုးပဝေသဏီထဲက အမျိုးသားအကျိုးစီးပွားတို့ အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ကာကွယ်နိုင်ရန်အလို့ငှာ ၀ံသာနုရက္ခိတစိတ်ဓါတ် ပြင်းထန်လာစေဖို့ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအား ဒို့တာဝန် အရေးသုံးပါးကို နေ့စဉ် စဉ်ဆက်မပြတ် နေရာမလပ်စေပဲ အသိပေးပြီး လေ့ကျင့်ပြုစုပျိုးထောင်ပေးခဲ့ကြပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး - ဒို့အရေး။
ကဲကြည့် ခု ပြည်သူလူထုက ကိုယ်သွေးကိုယ်ဖောက်ပြီးမှ ရေသောက်ရမယ်ဆိုရင် ရေငတ်လည်း ငတ်ပစေ အသေခံမယ်လို့ ဆိုသလို ဧရာဝတီကို နှိပ်စက်ကလူလုပ်ပြီးမှ ရလာမဲ့ လျပ်စစ်ကို မသုံးရလည်းနေပါစေ ဒီလိုပဲ ဖယောင်းတိုင်းနဲ့ ကျေနပ်ပါတယ်လို့ ဆိုနေတဲ့ကြားက လူထုက ရွေးကောက်ထားတဲ့ ၀န်ကြီးဆိုသူက နေမကောင်းပါဘူးဆိုမှ ဇွတ် ဆိုသလို ရှေ့ဆက်မယ်ဆိုတာချည်းဆိုတော့ လူထုနဲ့ အစိုးရကြားမှာ ကွဲလွဲမှုတွေရှိလာပြီ။  ရွှေတိဂုံဘုရားပေါ်ကို ကိုလိုနီနယ်ချဲ့ ဗြိတိသျှတွေက ဖိနပ်ကြီးတွေစီးပြီးတက်ကြတော့ မခံမရပ်နိုင်ဖြစ်ကြပြီး လူထုအုံကြွလို့ ကိုလိုနီလိုရက်စက်ကြမ်းကြုတ်တဲ့ ဗြိတိသျှနယ်ချဲ့တွေတောင် လူထုဖက်လိုက်ရောခဲ့သေးတယ်ဗျာ။ တစ်ဖက်က တစ်ဖက်ကို မလိုက်ရောရင် အက်ကြောင်းရဲ့နိဒါန်း စတဲ့ပဲဗျ။ ဒီတော အချိန်များစွာယူပြီး တည်ဆာက်ထားရတဲ့ အနှစ်သာရအပြည့်အ၀နဲ့ ပြည်ထောင်စုကြီး မပြိုကွဲဖို့ ပြည်သူလူထုက သောင်းသောင်းဖျဖျ ရွေးကောက်ထားတဲ့ အစိုးရက လူထုဖက်လိုက်မလား၊ လူထုက အစိုးရဖက်လိုက်မလား။  ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေးပေါ့။

အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး။
တိုင်းပြည်တစ်ခုမှာ အခြားနိုင်ငံအခြေစိုက်လုပ်ငန်းတစ်ခုက နှစ်ရှည်လာအလုပ်လုပ်တော့မယ်ဆိုရင် လက်ခံထားတဲ့ တိုင်းပြည်မှာရှိတဲ့ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားအလို့ငှာ အခြေစိုက်လုပ်ကိုင်မဲ့ လုပ်ငန်းရဲ့ လုပ်ပိုင်ခွင့်တွေကို သတ်သတ်မှတ်မှတ် ကန့်သတ်လေ့ရှိပါ တယ်။ ဥပမာ နိုင်ငံခြားအလုပ်သမား ဘယ်လောက်ပဲခန့်ရမယ်ဆိုတာမျိုး။ ဘယ်အဆင့်ကနေ ဘယ်အဆင့်ထိကို နိုင်ငံတော် အစိုးရအနေနဲ့ လွတ်လပ်စွာ စစ်ဆေးခြယ်လှယ်ခွင့် ရှိတယ်ဆိုတာမျိုးတွေ စသဖြင့် စသဖြင့်ပေါ့လေ။ ခုတော့ စကတည်းကို ကိုယ့်နိုင်ငံလဲလာလုပ်သေး၊ ကိုယ့်သွေးသားတိုင်းရင်းသားတွေကလဲ နေရာလည်းဖယ်ပေးရသေး၊ အမယ် နေရာတကာမှာ သူ့အမျိုးသားစာတမ်း၊ သူအမျိုးသားဆိုင်းဘုတ်၊ သူ့အလုပ်သမား၊ သူ့ပစ္စည်းကိရိယာတွေနဲ့ သူ့အဖိုးပိုင်တဲ့မြေ အမွေရလို့ လာရှင်းနေသလိုမျိုး လုပ်ချင်တိုင်းလာလုပ်နေမှတော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိကပါး ယိကပါးလုပ်နေသလိုချည်း ဖြစ်နေတယ်လို့ချည်း ခံစားလာရတယ်။ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး။
ကဲကြည့်ဗျာ။ နောက်ပြီး နဂိုတည်းကို ခက်ခက်ခဲခဲနဲ့ တည်ဆောက်ရယူထားရတဲ့ သွေးချင်းများကြားက ဗမာလူမျိုးတွေအပေါ် ယုံကြည်မှုဟာ ကချင်အမျိုးသားတွေရဲ့ သမိုင်း ဓလေ့ထုံတမ်းစဉ်လာ ကြီးမားတဲ့  မြစ်ဆုံလိုနေရာမျိုး၊ ပြီးတော့ မြစ်ကြီးနားလို အထက်ကရ မြို့ကြီးတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်းမှာ ရေမြုပ်စေနိုင်တယ်ဆိုတဲ့ ကြီးမားလှတဲ့ အန္တရာယ်တောထဲ တွန်းပို့နေတာမျိုးတွေနဲ့တင် ပြန်လည် တည်ဆောက်ရယူနိုင်ဖို့ အတော့်ကိုခဲယဉ်းသွားပြီ။ ကျန်တဲ့ ညီနောင်သားချင်းတွေကလည်း တွေးပြီ။ ဒါကုန်သွားရင် ငါတို့ပိုင်တဲ့ဘက်တွေ လှည့်လာနိုင်တယ် . . . ဒီလိုနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမှုဆီ ဦးတည်ရပြန်ရော။ ဒီတော့ကာ ဒါမျိုးမဖြစ်အောင် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး။

ဧရာဝတီဟာ မြန်မာတို့ရဲ့အစ၊ ဧရာဝတီဟာ မြန်မာတို့ရဲ့သမိုင်း၊ ဧရာဝတီဟာ မြန်မာတို့ရဲ့မာတာမိခင်၊ ဧရာဝတီဟာ မြန်မာတို့ရဲ့ဘ၀၊ ဒါကြောင့်မို့ ဧရာဝတီအရေးဟာ မြန်မာ့အရေးဖြစ်တယ်။ အမျိုးသားရေး အစစ်ဖြစ်တယ် ဧရာဝတီကို ထိလို့နာတာ၊ ချစ်တဲ့စိတ်နဲ့ ခွန်းတုံ့မခံပြောတာဟာ မျိုးချစ်စိတ်အစစ် ကလာတာဖြစ်တယ်။

 အဆွိလို တရုတ်မတောင် မဟာရံတံတိုင်းကို စကားနဲ့တောင် တင်စီးမခံရင် မြန်မာ့အရေးတစ်ခုလုံးကို ကျွန်တော်တို့က လက်ပိုက် ခေါင်းငိုက်စိုက်ချပြီးကြည့်နေသင့်ပါသလား။ လွန်ခဲ့တဲ့ ၁၈၈၅မှာတုန်းက ဗြိတိသျှတွေက သေနတ်တစ်ချက်မဖေါက်ပဲ မြန်မာနိုင်ငံကို ကိုလိုနီကျွန်ဇာတ်သွင်းခဲ့တယ်။  အခုလည်း သေနတ်တစ်ချက်မဖောက်ပဲ အခြားနိုင်ငံတစ်ခုရဲ့ လက်အောက်ခံ ဆက်ကြေးသွင်း ခရိုင်အဆင့်သာသာ ပြည်နယ်တစ်ခု အဖြစ် မသိမသာ သွတ်သွင်းခံနေရတာကို လက်ပိုက် ခေါင်းငိုက်စိုက်ချပြီးကြည့်နေရင် မြန်မာနိုင်ငံမှာ အမျိုးသားနေ့ နောက်တစ်ရက်ထပ်တိုးဖို့ပဲကျန်တော့တယ်။

အဲလိုနဲ့ အဆွိပြောသွားတဲ့ စကားတွေပြန်ကြားရင်း . . .

ဘာ… ဒါငါတို့ရဲ့ သမိုင်း၊ ငါတို့လေးစားမြတ်နိုးတဲ့ မဟာရံတံတိုင်း၊ ငါတို့ လူမျိုးစုရဲ့ ကြီးကျယ်ခန့်ငြားမှုကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တိုင်ဟဲ့။ ပိုက်ဆံဘယ်လောက်ရရ နင့်တိုင်းပြည်ကြီး ပုံပေးအုံးဟာ မဟာရံတံတိုင်းက အုတ်တစ်လုံးတောင်မရဘူး.. မှတ်ထား။

ထပ်တော့မပြောလိုက်တော့ပါဘူး။ ငါက လေနဲ့တင်ရှိသေးတာဟလို့ . . .
 
 ပဉ္စမမြောက်မျိုးဆက်
၂၀၁၁ခု၊ စက်တင်ဘာလ ၁၅ရက်။