Friday, July 8, 2011

ဒဏ်ရာဗရပွနဲ့ ပညာသည် ငါးတန်ကြီး ဆရာ ချစ်စံဝင်း၏ ပညာနှင့် နိုင်ငံဖွံ့ဖြိုးမှု အကြောင်း ခံစားကြည့်ခြင်း။

ဒဏ်ရာဗရပွနဲ့ ပညာသည် ငါးတန်ကြီး ဆရာ ချစ်စံဝင်း၏ ပညာနှင့် နိုင်ငံဖွံ့ဖြိုးမှု အကြောင်း ခံစားကြည့်ခြင်း။

စင်ကာပူနိုင်ငံ စာပေချစ်မြတ်နိုးသူများအသင်း၏ ဒုတိယအကြိမ်မြောက် စာပေဟောပြောပွဲ တွင် လောကီ လောကရေးရာတို့တွင်နှံ့စပ် အပြားပြားသောအကြောင်းအရာ အဖုံဖုံတို့ကို တတ်သိကုံလုံ နားလည်ကြသည့် ပြည်သူချစ်သော စာပေအနုပညာရှင် စာရေးဆရာ၊ ဆရာမကြီးများ ၏ မြန်မာဟန် မြန်မာမာန် မြန်မာသံ စစ်စစ်များနှင့် မြန်မာဆန်သော ဟောကြားချက်များကို မှတ်မှတ် သားသားနားစိုက်ထောင်ခွင့်ရခဲ့သည့် အတွက် အလွန်အမင်းဝမ်းမြောက်ဝမ်းသာနှင့် ကြည်နူးပီတိဖြစ်မိတယ်ဗျာ။ (အမယ် ဇာတ်သံနှောပြောနေသလိုမျိုးတောင် ဖြစ်နေတယ်။ နတ်သံ မနှောတာ တော်တာပေါ့ဗျာ။)

ဒီလောက် အချိန်ဆင်းရဲမွဲတေနေတဲ့ သီဟပူရတိုင်းပြည် (ဆရာနေ၀င်းမြင့်ရဲ့စကားလုံး ကြိုက်လို့ ငှားသုံးတာပါဗျာ။) လိုမျိုးမှာ တကယ့်ကို ကိုယ်ကျိုးမဖက် စာပေနှင့် လူမျိုး အကျိုးအတွက် ယူနီဖောင်းမ၀တ် အဓိဋ္ဌာန်မဆိုပဲ စနစ်တကျနှင့် စွမ်းစွမ်းတမံ စီစဉ်ဆောင်ရွက်ခဲ့ကြတဲ့  စာပေချစ်မြတ်နိုးသူများအသင်း၊ လုပ်အားပေးလူငယ်များနှင့် ပံ့ပိုးကူညီကြသူများအားလုံးကိုလဲ အရမ်းကို ချီးကျူးလေးစားတယ်ဗျာ။ တကယ်ကို့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။

ဆရာ၊ ဆရာမကြီးတွေရဲ့ စာပေကိုချစ်မြတ်နိုးမှု၊ အမျိုး၊ ဘာသာအပေါ် အလေးထားမှုနှင့် စာပေပညာ ဂုဏ်များမှာ အရမ်းကို အထင်ကြီးလေးစား အားကျစရာကောင်းတယ် ဗျာ။ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့လူနေမှုဘ၀တွေ ကွက်ကွက်ကွင်းကွင်း ထင်မြင်မိတဲ့ လက်တွေ့ဘ၀ အတွေ့အကြုံတွေနဲ့ ဆက်စပ်ရောမွှေထားတဲ့ ဟောချက် ပြောချက်တွေကလဲ ကောင်းမှကောင်း ထိမှထိ မိမှမိ ဗျို့။ အချိန်တိုတိုလေးထဲ မြန်မာမှုအဘိဓာန် စာအုပ်ကြီးတွေ တအုပ်ပြီး တအုပ်ထိုင်ဖတ်ရသလိုမျိုးဗျာ။ စာပေဟောပြောပွဲပြီးသွားပေမဲ့ များစွာ များစွာသော အကြောင်းအရာ တွေ ရင်ထဲမှ ဟိုတစ်စ ဒီတစ်စ တွယ်ငြိ စွဲကပ် ကျန်နေပြီး စာလုံးတွေ ရင်ထဲတစ္ဆေခြောက်သလိုချည်း ဖြစ်နေတယ်ဗျာ။

မှတ်သား တွေးတောရတဲ့ အဲ့လိုအချက်တွေထဲက ဆရာချစ်စံဝင်းပြောတဲ့ နိုင်ငံတော် ဖွံ့ဖြိုးဖို့အတွက် ပထမဦးစားပေးရမှာက ပညာရေး၊ ဒုတိယဦးစားပေးရမှာက ပညာရေး၊ တတိယ ဦးစားပေးရမှာက ပညာရေး ဆိုတဲ့ ပညာရေးဦးစားပေးရေးကဏ္ဍကို ဘာကြောင့်ရယ်မှန်းမသိ ရင်ထဲမှာ အကြိမ်ကြိမ်တွေးမိနေတယ်။ အဲလိုတွေးရင်းက ရင်ထဲမှာ ရေးစရာလေးတွေ အစီအရီ တန်းစီဝင်လာလို့ ဦးဏှောက်ကို အတွေးပေါ် လမ်းလျောက်ခိုင်းရင်း ခလုပ်တွေကို ဟိုနှိပ် ဒီနှိပ်လုပ်မိလာတယ်ဗျာ။  ဦးဏှောက်ကြီးတောင် အသုံးမချဖြစ်တာ ကြာလို့ မှိုတက်ပြီး မှိုင်းမိသလိုချည်းဖြစ်နေတယ်။ ရေးရတာ ဟိုရောက် ဒီရောက်နဲ့ အပေါက်အလမ်းကို မတည့်ဘူး။ ပညာတွေမှိုတက်တယ်ဆိုတာ ဂလိုပါလားလို့တွေးရင်း . . . သြော် ပညာ ပညာ ပညာ . . . .

အထူးသဖြင့် ဆရာချစ်စံဝင်း ပြောတဲ့ဒီစကားစုကို ကျွန်တော်ရင်းရင်းနှီးနှီးကြားဘူးသလိုချည်းဖြစ်နေတယ်။ ကွဲကွာနေတဲ့ သူငယ်ချင်းကိုမြင်ပြီး နာမည်မေ့သလိုမျိုးချည်းဗျာ။ ရင်ထဲ အဲလိုဖီလင်ချည်း ဖြစ်နေတယ်။  ဒါနဲ့ မကိုင်တာ ကြာပြီဖြစ်လို့ ဖုံရွရွတက်နေတဲ့ စာအုပ်အဟောင်းပုံလေးကို ဖွမိတယ်ဗျာ။ လားလား မင်းဘယ်ပြေးမလဲ မိချိုသဲ။ ဟုတ်သေးပါဘူး ဘယ်က မိချိုသဲတုန်း။ ဒီမှာ ပညာအကြောင်းရေးနေပါတယ်ဆိုမှ။ ၂၀၀၆ခု နိုဝင်ဘာက ဆရာကျော်ဝင်း မြန်မာမှုပြုထားတဲ့ ပညာနဲ့ ပတ်သက်တဲ့ ဆောင်းပါးတေချည်း စုစည်းထုပ်ထားတဲ့ “ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ” စာအုပ်နောက်ကြောဖုံးမှာပေါ့ဗျာ။ ဂလိုလေး ရေးထားတယ်။

ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ၏ ပေါ်လစီမိန့်ခွန်းတစ်ခုတွင် ဤသို့ပြောခဲ့ခဲ့ဖူးသည်။“ကျွန်တော်တို့မှာ ထိပ်တန်းဦးစားပေး လုပ်ငန်းသုံးခုရှိပါတယ်။ ဒါတွေကတော့ ပထမ ပညာရေး၊ ဒုတိယ ပညာရေး၊ တတိယ ပညာရေးပါပဲ”. . .  ဟူ၏။

အဲသလိုရေးထားတာကို တွေ့တော့မှ ပြာဂလောင် ပြာလချောင်လို ဂလိုကိုးလို့ရေရွတ်ရင်း ဆရာချစ်စံဝင်း၏ စကားစုနှင့် ဂလိုသူငယ်ချင်းဖြစ်ခဲ့ အဖွဲ့ဖြစ်ခဲ့သည်ကို အမှတ်ရသွားတယ်ဗျို့။ ထပ်စဉ်းစားမိတော့ ဒါတင် ဘယ်ဟုတ်သေးမတုန်း အခုဒီမိုကရေစီအရပ်သားအစိုးရရဲ့ ခေါင်းကိုင်ဆရာ နအဖ မတိုင်ခင်၊ န၀တ လက်ထက်မှာလည်း ပညာရေးဝန်ကြီး အရပ်သားလူထွက် ညတွင်းချင်းဗိုလ်မှူးကြီး ဖေသိန်းကလဲ ဒါမျိုးပြောခဲ့တာကို အမှတ်ရပြန်ရော။ နောက်တခါ ပညာရေးဝန်ကြီး ဦးပန်းအောင်ကလဲ ဒါမျိုး ဆန်ဆန်ပြောခဲ့တာကို တွေးမိပြန်ရော။ အဲဒီလိုတွေးကြည့်တော့မှာ ဒီစကားစုကို လူတော်တော်များများနဲ့ အစိုးရတော်တော်များများ ဥဒဟို ရေးခဲ့ ပြောခဲ့တာပါလားလို့ တွေးမိတော့ လက်စွဲတော် ဂူးဂဲလ်နှင့် ကမ္ဘာပတ်ကြည့်။ အမယ် အရင် ဘလဲတင် ဘယ်ဟုတ်လိမ့် မတုန်း အခုဘရောင်းကြီး လည်းပြောသဟဲ့၊ ယူဂန်ဒါက အစိုးရကလည်း ပြောသဟဲ့၊ စသဖြင့် စသဖြင့် များစွာသော နိုင်ငံများ အထင်ကရပုဂ္ဂိုလ် တော်တော်များများရော ဒါမျိုးချည်းလှိမ့်ပြောနေတာ တွေ့ရပြန်ရော။ အင်းပြောမှာပေါ့ ပညာခေတ်ကို။ ဘာတဲ့ ပညာတတ် အလုပ်သမားတဲ့။ ပညာအခြေခံစီပွားရေး၊ ပညာအခြေခံ လူမှုအဖွဲ့အစည်း၊ ပညာအခြေခံ ညာဘာ၊  ပညာအခြေခံ ဘာညာ။ သြော် ပညာတွေဖောင်းပွနေတဲ့ ပညာခေတ်ကိုး။ ဂလောက်တော့ လုပ်ရမှာပေါ့။

ရေးချင်တာက ထိုကမ္ဘာလုံးခြုံ ပညာရေးအကြောင်းမဟုတ်။ ကိုယ်ချစ်သော ကိုယ့်နိုင်ငံ အကြောင်း၊ ဆရာကိုတာ့ စကားငှားပြောရရင် စိမ်းတဲ့မြေ အကြောင်း၊ ကိုမင်းကိုနိုင်စကားငှားပြောရရင် ကျောင်းနံရံတစ်ဝိုက်မှာ ဒေါင်းအလံစိုက်ချင်တဲ့မြေ အကြောင်း။ ဘာပဲပြောပြော။ ကျွန်တော့်တို့ ဒေါင်းနိုင်ငံ (အောက်သို့စိုက်ကျ ခြင်းကိုဆိုလိုသည်မဟုတ် သီဟပူရကိုအားကျမိ၍) က ခေတ်ရှေ့ပြေးတယ်ဗျ။ ယုံချင်ယုံမယုံချင်နေ။ တိုနီဘလဲရဲ့ ပြုပြင်ပြောင်းလဲမှု မတိုင်ခင် ဆယ်စုနှစ်တစ်စုလောက်စောပြီး ဒါမျိုးတွေ ပြောခဲ့တာ။  အဲလောက့် ကို လန်းခဲ့တာနော်။ အပြောတင်မဟုတ် အကောင်အထည်လည်း ဖော်ခဲ့ပါတယ်။ ဖော်တာမှ ကျောင်းမျိုးစုံ၊ ကောလိပ်ပေါင်းစုံကို တိုင်းပြည်နေရာအနှံ့မှာဖွင့် ပညာရေးလက်တံကိုရှည်နိုင်သမျှရှည်စေခဲ့ပြီး များစွာသော ပညာတတ်များကို မွေးထုတ်နိုင်ရန် ကြိုးပမ်းခဲ့တယ်။ ဆရာအော်ပီကျယ်ပြောသလို ကမ္ဘာပေါ်တွင် ကျောင်းနှင့် တက္ကသိုလ် အများဆုံးနိုင်ငံစာရင်းဝင်ရန် ကြိုးပမ်းခဲ့တယ်။ ကြိုးပမ်းခဲ့သည့်အတိုင်းလည်း မြန်မာ လူငယ် တော်တော်များများ  တက္ကသိုလ်ဘွဲ့ရ ပညာတတ်များဖြစ်လာခဲ့ကြတယ်။ ဟုတ်ပြီ။ ဖော်မြူလာအတိုင်းဆို ပညာတတ်များလျင် နိုင်ငံတော်ဖွံ့ဖြိုးရမည်။ ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတိုနီဘလဲထက် ဆယ်စုနှစ်တမျှ အကွက်သာခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံ အခုအချိန်မှာ ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံစာရင်းတွင် ထိပ်ဆုံးနေရာ နီးနီးရောက်လုနေပြီ။ အောက်ဆုံးကနေပြန်ကြည့်ရင် ပြောပါတယ်။ အာဖရိကမှ နိုင်ငံတော်တော်များနှင့် သူတင် ကိုယ်တင်လုနေသည်။ အိမ်နီးချင်းကောင်း ပေါက်ဖော်ကြီးများ ဘာဘူမွတ်တားတို့က အပေါ်စီးမှ ထိပ်ပုတ်ခေါင်းပုတ်နှင့် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစားနှင့် ကြီးပွားချင်တိုင်း ကြီးပွား ချင်တိုင်းကြီးပွားနေကြပြီ။ ကျွန်တော်တို့တွေ ဆင်းရဲတွင်းနက်တုန်း။ သူတို့တွေ ဒို့ဆီကထွက်တဲ့ အဆီနဲ့ အသားကို လွှေ့ပြီး တသွေးတမွေးဖြစ်နေကြချိန်မှာ ကျွန်တော်တို့တွေ ကျောမွဲလူတန်းစားဖြစ်တုန်း။ စာအုပ်အနီလေးနဲ့ အပြင်ထွက်တိုင်း အနှိမ်ခံ နေရတုန်း။ ဘာကြောင့်တုန်း။ အတန်အသင့် ပညာတတ်သည်ဟု ကိုယ့်ကိုကိုယ်ထင်မိသော ကျွန်တော် မသိခဲ့။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော တပ်မတော်မှအငြိမ်းစား ဗိုလ်မှူးကြီး ကျွန်တော့်ကို ပြောသလို တခုခုတော့ မှားနေတယ် ဟုသာ …. ။ မတွေးတတ်ခဲ့၊ မတွေးရဲခဲ့။

ယခုဟောပြောပွဲမှာ ဆရာအောင်သင်း ပြောလိုက်မှ  ကျွန်တော့်ရင်ထဲတွင် သိချင် မြင်ချင်နေသော အရာကို စင်းစင်းကြီး တွေ့လိုက်ရသည်။ ဆရာအောင်သင်းတောင် သိင်္ဂသူသမီးထံမှ သိတာမကြာသေးဟု ၀န်ခံခဲ့သည်။ “…….ပညာကိုသိသော၊ အကြောင်းကိုသိသောသူ ဖြစ်ရပါလို၏” လို့ သိင်္ဂသူသမီးက သူမကျောက်စာတွင် ရေးထိုးထားကြောင်းနှင့် ပညာဟူသည် အကြောင်းကို သိခြင်းဟု ဆရာအောင်သင်းက ပြောမှ ကျွန်တော့်ရင်ထဲ ဂလိုကိုးဟု ထင်းကနဲ လင်းကနဲ ဖြစ်သွားတော့တယ်။

ပညာတတ်၊ ပညာရှင်ဟူသည် အကျိုးတစ်ခုခုကို တွေ့ရလျင် အကြောင်းကို တွေးဆမှန်း၍ ဤသို့တည်း ဟု ကောက်ချက်ချနိုင်ကာ ကြောင်းကျိုးနိယာမကို ချိန်ဆ၍ ပြုသင့်တာပြု ပြင်သင့်တာပြင် ဖျက်သင့်တာဖျက် ၍ လောကဓမ္မကို ထိန်းသိမ်းနိုင်ကြသူများဟု ကျွန်တော်ဆိုချင်သည်။ အထူးသဖြင့် ဘာကြောင့် ဆိုသည်ကို သိ၍ ဘာကို ဘယ်လို လုပ်သင့်သည်ဟု အကြံပြု လမ်းပြနိုင်သူများဟု ကျွန်တော်မြင်သည်။ ကျွန်တော့်တို့နိုင်ငံတွင် ပညာတတ်များပေါလှပါ၏။ သို့ပေသိ ပညာဖြင့် လမ်းပြနိုင်သူ အကြံပြုနိုင်သူများနှင့် ထိုသို့အခွင့်အရေးများမှာ နိုင်ငံအတွင်း ရှာမှရှားလာရပါတော့သည်။ ရှားရှားပါးပါး ပညာဖြင့် လမ်းပြသူများလည်းရှိပါသေးသည်။ သို့ရာတွင် ဘာကြောင့်ဖြစ်သည်ဆိုသည်ကို မကြားလို လက်မခံလိုပဲ ရေဘူးပေါက်တာမလို ရေပါတာပဲလိုချင်သူများကြောင့် ကျွန်တော်တို့နိုင်ငံတွင် မိုးလေ၀သကိုပါ မကောင်းဘူးဟုသိလာလျင် အသစ်လဲဖို့ကြိုးပမ်းကြတော့သည်။ မယောင်ရာ ဆီလူး ကြရတော့သည်။ နိုင်ငံပတ်လုံး ကြက်ဆူပင်စိုက်၍ ကမ္ဘာကြီးနာမကျန်းဖြစ်နေမှုကို ကက်ကင်းဖြင့် ကုဖို့ ကြိုးစားလာကြတော့သည်။

အကြောင်းကိုသိသောသူကို အကြောင်းမသိရန်နှုတ်ပိတ်ခြင်း မမြင်ချင်ဟန်ဆောင်ခိုင်းခြင်းသည် ပညာရှိသော သူကို ပညာမဲ့ဖြစ်ရန် သို့တည်းမဟုတ် လောကဓမ္မကို အဓမ္မသို့ တွန်းပို့ခြင်းမည်၏ဟု ကျွန်တော်မြင်သည်။

ကိုလိုနီ အင်္ဂလိပ်ခေတ်က ကျွန်စနစ်သက်ဆိုးရှည်စေရန် ပညာတတ်များ မွေးထုတ်ခဲ့သည်။ အရှင်သခင်များ၏ ငါခိုင်းတာလုပ်၊ ငါပြောတာလောက်သာ လုပ်နိုင်ရန်အတွက် အရည်အချင်းပြည့်မီ ကျွန်ပညာရှင်များကို မွေးထုတ်ခဲ့၏။  ၀ံသာနုစိတ်ပြင်းထန်းသော အမျိုးသားရေးတက်ကြွသည့် သခင်များ၏ ကျေးဇူးကြောင့် မဟုတ်မခံ မမှန်လျင် ထောက်ပြပြောရဲသည့် လူလူချင်းအညံ့မခံ သခင်စိတ်ဓါတ် အမျိုးသားကျောင်းများမှသည် လွတ်လပ်ရေးကို တက်လှမ်းနိုင်ခဲ့ကြသည်။ ခေတ်ပြောင်းတော်လှန်ရေးကို လုပ်နိုင်ခဲ့ကြသည်။ ယခုလည်း ညံ့ဖျင်း ဆုတ်ယုတ်နေသည့် ခေတ်မှ တိုးတက်သည့် နိုင်ငံတော်သစ် ကိုပြောင်းလဲနိုင်ရန် ပညာသည် အရေးကြီးသည် မှန်၏။ သို့ရာတွင် ပို၍အရေးကြီးသည်မှာ နိုင်ငံယန္တရားလည်ပတ်ရန်အတွက်သာ ပညာတတ်အလုပ်သမားများ (Knowledge Worker) လိုသည်မဟုတ် ဥာဏ်ပညာနှင့် ပြည့်စုံသည့် ပညာရဲရင့်ပွဲလယ်တင့်သည့် အမှန်ကို အမှန်အတိုင်းတင်ပြနိုင်သည့် ဥာဏ်ပညာရှင်များ (Wise Guys) နှင့်  အမှန်ကို အမှန်အတိုင်း ပြောခွင့် ရေးခွင့် တင်ပြခွင့်ရှိပြီး ယင်းသို့တင်ပြမှုများကို ငါနဲ့မတူငါ့ရန်သူဟု သဘောမထား၊ ငါနဲ့ ငါ့အမျိုးကောင်းစားရေးအတွက်မဟုတ် နိုင်ငံနှင့် လူမျိုးကောင်းစားရေးကိုသာ ဗဟိုပြု၍ ပြည်သူ့အကျိုးကိုရှေ့တန်းထား စေတနာအပြည့်နှင့် သမာသမတ်ရှိရှိ အုပ်ချုပ်သူလူတန်းစားလိုအပ်နေသည်ဟု ကျွန်တော်ထင်မြင်မိသည်။

ဥာဏ်ပညာရှင်များ၏ ဘက်မလိုက် ပွင့်ပွင့်လင်းလင်း အကြံပြုချက်များကို အရေးတယူ သိသိသာသာ လက်ခံ နာယူ လိုက်နာကျင့်သုံးမှသာလျင် နိုင်ငံတိုးတက် ပြောင်းလဲ ကြီးပွားနိုင်သည်ဟု ကျွန်တော်တွေးထင်မိသည်။ ပညာတစ်ခုတည်းနှင့် ရပ်တည်၍မရ။ ပညာတတ်ပြီး ဗုံးဖောက်နေသူတွေ။ ပညာတတ်ပြီး တဖက်သားကို ချောက်ချနေသူတွေ ဒုနဲ့ဒေး။ ပညာကိုအသုံးချပြီး ကိုယ်ကျိုးသက်သက်အတွက်သာ သုံးနေသူတွေ မနည်း။ ပညာဘေးထွက်ဆိုးကျိုးတွေအများကြီး။ ဒါကြောင့် အမရပူရဆရာတော်ဘုရားကြီးက စိတ်ကောင်းရှိဖို့ပထမဟု ဆိုဆုံးမထားခြင်းဖြစ်မည်။ ကျွန်တော်တို့တွေ စိတ်ကောင်းရှိဖို့လိုပြီ။ ကျွန်တော်တို့လိုပြည်သူတွေတင်မဟုတ် နိုင်ငံတော်ဟု ခံယူထားသောသူများလဲ စိတ်ကောင်းရှိရမည်။

 ပညာကို အဓိက သင်ရခြင်းသည် အကျိုးတရားတို့၏ အကြောင်းအမှန်ကိုသိရန် ကြံစည်တွေးတော လေ့လာပိုင်းခြားခြင်းဖြစ်သည်နှင့် အညီ၊ လွတ်လပ်ခြင်း၊ မျှတခြင်း၊ ညီညွတ်ခြင်း၊ ခွင့်တူညီမျှရှိခြင်း စတဲ့ လောကဓမ္မဆိုင်ရာ တန်ဖိုးများကိုလည်း ပညာနည်းတူ မြှင့်တင်နိုင်ရမည်။ သဘောထားများ ဦးတည်ချက်များကို ထပ်ခါတလဲလဲ ပုံသာပုံနှိပ်ပြီး လက်တွေ့ မကျင့်သုံးသ၍ ပညာတတ်ပြီး ပညာမဲ့တို့၏ လုပ်ရပ်ဖြစ်သော ကြီးနိုင်ငယ်ညှင်းတောတွင်းဝါဒကြီးစိုးနေသေးသ၍ နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးသည် ပညာရေးကဏ္ဍတစ်ခုတည်း မြှင့်တင်ရုံနှင့် မလုံလောက် အဟန့်အတားများစွာ ဆက်ကလက်ကြုံနေမည်ဟု ကျွန်တော် ခံစား နားလည်မိပါတော့သည်။

ပုကီ
၂၀၁၁ ခု၊ ဇွန်လ ၁ရက်။

No comments:

Post a Comment